Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

မလိုချင်ဘဲ ကိုယ်ဝန်မရကြစေဖို့.. (သို့) လူငယ်များသိထားသင့်သော ကျန်းမာရေးအကြောင်း...

Go down

မလိုချင်ဘဲ ကိုယ်ဝန်မရကြစေဖို့.. (သို့) လူငယ်များသိထားသင့်သော ကျန်းမာရေးအကြောင်း... Empty မလိုချင်ဘဲ ကိုယ်ဝန်မရကြစေဖို့.. (သို့) လူငယ်များသိထားသင့်သော ကျန်းမာရေးအကြောင်း...

Post  Admin Thu Jun 16, 2011 11:52 pm

မနက်မိုးလင်း အိပ်ယာထသည်နှင့် ထုံးစံအတိုင်း သောက်နေကျ လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ ဒါကျွန်တော့်ရဲ့ မနက်ခင်း ထုံးစံပေပဲ။ လက်ဖက်ရည်သောက်ရင်း ဂျာနယ်လေး၊ သတင်းစာလေးဖတ်ကာ ဗဟုသုတ ရှာဖွေခြင်းဖြင့် မနက်ခင်းအချိန်ကို အသုံးချနေမိသည်။ ထို့နောက် အတန်ကြာ၍ သတင်းစာချလိုက်မိမှ ဘေးဘက်ဝိုင်းတွင် တီးတိုးတီးတိုး သဖန်းပိုးလုပ်နေသည့် ရပ်ကွက်ထဲမှ အောင်ဇော်နှင့် မောင်ကျော် အတွဲကိုတွေ့မိသည်။ သင်းတို့ ၂ ယောက် ပြောဆိုနေပုံက တစ်ခုခုကို မဟုတ်တာ လုပ်ထားသည့် ပုံစံမျိုး။ အောင်ဇော်ကား ရုပ်ရည်လေးမဆိုး၊ ရုပ်ရည်မဆိုးသလို အလွန်ပွေရှုပ်သည်။ ရည်းစားများ ထည်လဲတွဲတတ်သူ။ မောင်ကျော်ကတော့ သူ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်၏။ ၂ ယောက်စလုံး ရိုးသားကြပါသည်။ သို့ရာတွင် အလုပ်အကိုင် မယ်မယ်ရရ မရှိ။ သို့သော် ရပ်ကွက် တိုးတက်ရေး၊ လူမှုရေးများတွင် တက်ကြွစွာ ပါဝင်တတ်သူတွေမို့ ဘာပဲဖြစ်ဖြစ် ဒီရပ်ကွက်ထဲမှာ ဒီနှစ်ကောင်ကို ကျွန်တော် ခင်မင်မိသည်။ ထို့ကြောင့် သူတို့ ဘာများတိုင်ပင်နေသနည်းဟု စပ်စုကူညီလိုစိတ်ပေါ်မိသည်။

"ဟေ့ကောင်တွေ ! ဘာတွေ ပြောဆိုတိုင်ပင်နေကြတာလဲကွ... ဟေ".. ပြောပြောဆိုဆို သူတို့ရှိရာဝိုင်းတွင် ဝင်ထိုင်လိုက်ရာ ၂ ဦးသား ခုမှ ပြာယီးပြာယာဖြစ်ကာ ပြောလက်စ စကား ရပ်တန့်သွားတော့သည်။

"ဟ... မင်းတို့က ဘာလဲကွ.. ဘာတွေ မဟုတ်တာတွေ လုပ်ထားကြလဲ ပြောကြစမ်း..."

"ဘာ.. ဘာမှ မလုပ်ပါဘူး.. အစ်ကိုကြီးရ..." အောင်ဇော်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ပြော၏။

"ကဲပါကွာ... မင်းကြောက်မနေနဲ့.. ဘာဖြစ်သလဲပြောပါ.. ငါကူညီနိုင်တာ ရှိရင် ကူညီပေးမယ်...".. ဒီလိုပြောလိုက်တော့ သူတို့ ၂ ဦး တစ်ယောက်မျက်နှာ တစ်ယောက်တိုင်ပင်သလိုကြည့်လိုက်ကြသည်။ ထို့နောက် မောင်ကျော်က-

"ဟေ့ကောင်ရေ... မင်း အစ်ကိုနဲ့ပဲ တိုင်ပင်ပြီး အကူအညီတောင်းကြည့်ပေတော့... မင်းကိစ္စက ပေါ့သေးသေးမဟုတ်ဘူး.. ငါလည်း မကြံတတ်တော့ဘူးကွ.. ".. ဟုဆိုကာ သူကပင်ဆက်၍

"ဒီလို အစ်ကိုရေ... ဒီကောင်လေ .. သူ့ရည်းစားနဲ့ စည်းတွေဘောင်တွေကျော်တော့ အခုဟိုမှာ ကိုယ်ဝန်ရှိနေပြီလေ.. အဲဒါ မကြံတတ်ဖြစ်နေလို့"

"ဟေ.. ဟုတ်လား အောင်ဇော်.. မင်းတို့လူငယ်တွေကွာ... အချိန်မတန်ခင် စောင့်ထိန်းသင့်တာကို မစောင့်ထိန်းတော့ အခုလို ဒုက္ခတွေ ဖြစ်တော့တာပေါ့ကွာ... မင်းအခု ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ... မဟုတ်တဲ့ ဖျက်ချဖို့တို့ဘာတို့တော့ လုံးဝစိတ်မကူးနဲ့နော် ငါဖတ်မှတ်လေ့လာထားသလောက် အဲလိုလုပ်လို့ အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးပဲကွ... အေး... မင်းတောင်းရမ်းလက်ထပ်ဖို့ လိုအပ်ရင်တော့ ငါ့ကိုပြော.. ငါရပ်ကွက်ထဲကနေ အသိသက်သေလူကြီးအနေနဲ့ ကူညီပေးနိုင်တယ်... မင်းအမေကိုလည်း ဖွင့်ပြောလိုက်ပေတော့ ငါ့ကောင်ရေ... ဒီအခြေအနေရောက်မှတော့ ဒီတစ်နည်းပဲ ရှိတော့တယ်ကွ..."

"ဟုတ်ကဲ့ပါ အစ်ကို... ကျွန်တော်လည်း အဲလိုပဲ လုပ်ဖို့ စိတ်ကူးထားပါတယ်.. ခက်တာက အမေ့ကိုဖွင့်မပြောရဲတာရယ်.. ကျွန်တော့်မှာလည်း အလုပ်အကိုင် မယ်မယ်ရရ မရှိသေးတာရယ်ကြောင့်ပါ..."

"အေးလေ.. ဖြစ်လာမှတော့ ဘယ်တတ်နိုင်တော့မလဲ.. နောင်ခါလာ နောင်ခါမှ ရှင်းရတော့မှာပေါ့ကွာ... ငါတို့လည်း ရှိနေတာပဲ... တတ်နိုင်သမျှ မင်းကိုကူညီပေးမှာပါ..."

..............................................................................................

ဟူးးးး... ဒီလိုပြဿနာတွေ ခုခေတ်လူငယ်တွေကြား ဘယ်လောက်တောင်များနေသည် မသိ။ အနောက်တိုင်းဘက်မှ ကူးစက်လာသော မကောင်းသော အကျင့်တို့ကို မြန်မာလူငယ်တွေ ကျင့်သုံးနေကြသည်မှာ ရင်လေးစရာ။ လက်ဖက်ရည်ဆိုင်မှ အပြန်တွင် စဉ်းစားရင်း လမ်းလျှောက်လာခဲ့သည်။ ဒီလိုနဲ့ ဆရာလီယိုတို့ အိမ်နားရောက်လာခဲ့သည်။ ဆရာ့ဆီမှ ကျန်းမာရေး ဗဟုသုတလေးတွေ မှတ်သားစရာများ ရရှိတတ်သည်။ ယခုလည်း ဆရာ့ကို အိမ်ရှေ့ကုလားထိုင်ပေါ်တွင် စာဖတ်နေသည်ကို မြင်ရသဖြင့် ဘာရယ်မဟုတ် ဆရာ့ အိမ်ထဲ ဝင်ခဲ့မိသည်။

"ဟာ! ကိုကျော်သာပါလား.. လာလေ ထိုင်ပါဦး.. ရေနွေးလေးဘာလေး သောက်သွားပါဦးဗျ..."

"ဟုတ်ကဲ့.. ဆရာ.. ကျွန်တော်လည်း မနက်စောစော လက်ဖက်ရည်ဆိုင်ဘက်က ပြန်လာတာခင်ဗျ.."

"ဪ.. ဟုတ်ကဲ့.."

"အင်း... အဲဒီမှာ အောင်ဇော်တို့ အကြောင်း မကောင်းသတင်းတစ်ခု သိခဲ့ရတယ် ဆရာရေ..."

"ဟုတ်လား.. ဆိုစမ်းပါဦးဗျ.."

"သြော်... ဒီလိုပါဆရာ.. သူနဲ့ သူ့ကောင်မလေးတို့ စည်းကျော်မိကြရာက ကောင်မလေးမှာ ကိုယ်ဝန်ရှိသွားတယ်လေဆရာ.. ဒီကောင်က သူ့အမေနဲ့ သူကိုယ်တိုင်အတွက်တောင် မနည်းရုန်းကန်နေရတာမလားဆရာရဲ့.. အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိသေးတော့... အခု တော်တော်စိတ်ညစ်နေတယ်ထင်ပါရဲ့ဗျာ... ကျွန်တော်ကတော့ လိုအပ်တဲ့ အကူအညီအချို့ပေးပါ့မယ်လို့ ပြောခဲ့သေးတယ်.."

"အင်းဗျာ... ခုခေတ်မှာ အနောက်တိုင်းက ယဉ်ကျေးမှုတွေ ကူးစက်လာမှုရဲ့ နောက်ဆက်တွဲပြဿနာတွေပေါ့ဗျာ.. ရည်းစားဖြစ်နေစဉ်မှာ စောင့်ထိန်းရမယ့် စည်းကို မစောင့်ထိန်းကြတော့ ဒုက္ခတွေ ဖြစ်ကြရတာပေါ့... တကယ်တော့ အဲလို မစောင့်ထိန်းနိုင်ရင်လည်း ကိုယ်ဝန်မရအောင် အကာအကွယ်သုံးတာတို့၊ ရက်တွက်ပြီး ရှောင်ရှားတာတို့ဆိုတဲ့ အခြေခံ ကျန်းမာရေး ဗဟုသုတ မရှိသေးတာလဲ ပါတာပေါ့ဗျာ... ဒီလို ဗဟုသုတတွေ နည်းသေးတော့ အခုလို အရွယ်မတိုင်ခင်၊ မပြည့်စုံခင်အချိန်မှာ အိမ်ထောင်ကျတာတို့၊ မလုပ်သင့်တဲ့ ဖျက်ချတာတွေကို လုပ်မိပြီး အသက်ဆုံးရှုံးရတာတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာရတော့တာပေါ့..."

"ဟုတ်ကဲ့ဆရာ.. အဲဒီ ဗဟုသုတလေးတွေကို အခု မှတ်သားရအောင် ပြောပြပေးပါလားဆရာ... ဆရာ အချိန်ရရင်လေ..."

"သြော် ရပါတယ်ဗျာ... ဒီလိုရှိတယ်ကိုကျော်သာရဲ့... လူငယ်တွေ အနေနဲ့ပေါ့ဗျာ.. ခုဏက ကျွန်တော်ပြောသလို သမီးရည်းစားဖြစ်နေတဲ့ အချိန်လေးမှာ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားပြီး စည်းစောင့်ထိန်းရင်တော့ အကောင်းဆုံးပါပဲ... ဒါပေမယ့် အခုခေတ်မှာ ပတ်ဝန်းကျင် စေ့ဆော်မှုပေါ့... ဒီခေတ်က အင်တာနက်ခေတ်လေ.. ဆက်သွယ်မှု စနစ်အရမ်းလွယ်ကူလာတော့ အနောက်တိုင်းက အလေ့အထတွေဟာ ဒီကိုရောက်ရှိလာတယ်... အတုယူစရာတွေ ရှိသလို အတုမယူသင့်တာတွေ ရှိတယ်... ဒီလို ပတ်ဝန်းကျင် လှုံ့ဆော်မှု အကြောင်းတွေ ရှိနေလေတော့ ဒီလို မဖြစ်စေဖို့ လူတိုင်းကို ကျွန်တော်တို့ ပညာပေးဖို့ဆိုတာထက် ရှောင်ရန် ဆောင်ရန်ဆိုတဲ့ ပညာပေးတဲ့ အပိုင်းကို ကျွန်တော်ကတော့ ပိုလုပ်ပေးဖြစ်ပါတယ်... အရင်ဆုံး စည်းကိုကျော်တော့မယ်ဆိုရင် စဉ်းစားသင့်တာက ကိုယ့်အတွက်နဲ့ သူ့အတွက်ပဲဗျ... ဘာကိုဆိုလိုချင်သလဲ ဆိုတော့ ခုခေတ်မှာ ကုရာနတ္ထိဖြစ်နေတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြီးပေါ့... အဲဒီရောဂါ ကူးစက်ပြီဆိုရင် အရင်ဆုံး ထိခိုက်မှာက သူနဲ့ကိုယ် ကိုယ်တိုင်ပဲကိုး.. ဒီတော့ အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ အကာအကွယ် သုံးတဲ့ နည်းကို ကျွန်တော် စပြောချင်ပါတယ်..."

"ဟုတ်ကဲ့... ပြောပါဆရာ.."

"အကာအကွယ်သုံးတယ်ဆိုတာ ကွန်ဒုံး(Condon)သုံးတာကို ပြောတာပါ.. ဒီပစ္စည်းကို သုံးတာဟာ ကိုယ်ဝန်ရတာကို တားဆီးပေးနိုင်သလို၊ HIV လိုမျိုး လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါမှန်သမျှကို ကာကွယ်ပြီးသားဖြစ်လို့ အကောင်းဆုံးနည်းလမ်းပါပဲ... ဒီနည်းလမ်းကို လူငယ်တွေ တော်တော်များများ သိကြပေမယ့် အသုံးပြုသူကျတော့ အနောက်တိုင်းနိုင်ငံတွေလောက် မတွင်ကျယ်သေးတာ တွေ့ရတယ်ဗျ... နောက်ပြီး အသုံးပြုပုံ မမှန်ကန်မှုတွေလည်း ရှိနေတာကို တွေ့ရပါတယ်..."

"ဟုတ်ကဲ့ပါဆရာ..."

"ဒီနေရာမှာ ကြုံကြိုက်လို့ ကြုံတွေ့ဖူးခဲ့တဲ့ ဟာသလေးကို ပြောပြပါဦးမယ်... ရွာတွေဘက်ကို ကျွန်တော်တို့ အဖွဲ့တွေ သွားပြီး ဒီကွန်ဒုံး အသုံးပြုပုံကို ပညာပေးတယ်ဗျာ... ဒီအကာအကွယ် ပစ္စည်းလေးဟာ ရောဂါအတွက်သာမက၊ သားဆက်ခြားတဲ့ နေရာမှာလည်း အရေးပါ အရာရောက်တာကိုးဗျ.. အဲဒီရွာမှာ ကိုဖိုးထောင်နဲ့ ဒေါ်အေးကြည်တို့လင်မယား ရှိတယ် ... အင်မတန် ရိုးသားကြပါတယ်.. ဒါပေမယ့် စာပေပညာ မတတ်ကြဘူး.. ရိုးရိုးအေးအေးကြီးတွေပါ.. သူတို့မှာ စီးပွားရေးကလည်း သိပ်အဆင်အပြေကြီး မဟုတ်ဘူး.. ဒါပေမယ့် သားသမီးတွေက တစ်နှစ်တစ်ယောက်နှုန်းနဲ့ မွေးနေပြီး များလွန်းတော့ သားဆက်ခြား ပညာပေးဟောပြောတဲ့အခါ စိတ်ဝင်တစား နားထောင်ရှာပါတယ်... ကျွန်တော်တို့အဖွဲ့ သူတို့အိမ်ကို သွားလည်တော့ ပြန်ကာနီးမှာ ကိုဖိုးထောင်က တိုးတိုးလေး ကျွန်တော်တို့ကို လာမေးတယ်... 'ဆရာရယ်... ကျွန်တော် ဆရာတို့ ဟောပြောတာကို သေချာနားထောင်ပါတယ်.. ဒါပေမယ့် အဲဒီ ကွန်ဒုံးစွပ်ပုံလေးကို ဆရာတို့ ပုံနဲ့သင်တုန်းက ကျွန်တော် ရှက်လို့ သေချာ မကြည့်လိုက်မိဘူး.. ကျွန်တော့်ကို အခု ပြန်ပြောပြပေးပါလားဗျာ' တဲ့... အဲဒီတော့ ကျွန်တော်တို့ အဖွဲ့မှာပါလာတဲ့ ကျန်းမာရေးမှူးလေးက 'လာ ကိုဖိုးထောင်' ဆိုပြီး အနားမှာရှိတဲ့ ဗူးစင်လေးနားက တိုင်လေးတစ်တိုင်မှာ ကွန်ဒုံးစွပ်ပုံစွပ်နည်းကို သေသေချာချာပြသ သင်ကြားပေးလိုက်တယ်.. ကိုဖိုးထောင်လည်း လက်တွေ့မြင်လိုက်ရတော့ မှတ်မိသွားပြီး ဒီလိုဆိုတော့ ဆရာရေ နောင်နှစ်အတွက်တော့ စိတ်အေးရပြီဆိုပြီး ပျော်ရွှင်ပြီး ကျန်ခဲ့ပါတယ်..."

"ဟုတ်ကဲ့ဆရာ... နောက်တော့ ဘာဆက်ဖြစ်သလဲဆရာ.."

"အင်း... ဖြစ်ပုံကတော့ .. နောက်တစ်နှစ် ကျွန်တော်တို့အဖွဲ့ အဲဒီရွာကို ထပ်ရောက်သွားချိန်မှာ ကိုဖိုးထောင်အိမ်ကိုရောက်တော့ ကိုဖိုးထောင်တို့မိသားစုမှာနောက်ထပ် ကလေးတစ်ယောက် တိုးလာတာကို တွေ့ရတော့တာပါပဲဗျာ..."

"ဟာ.. ဘယ်လိုဖြစ်ရတာလဲဆရာရဲ့... ဆရာတို့ သေချာရှင်းပြလို့ သူတောင် နောင်နှစ်စိတ်အေးရမယ်ပြောသေးတယ်ဆိုဗျ..???"

"ဟုတ်ကဲ့... ကျွန်တော်တို့လည်း တော်တော်အံ့သြသွားပါတယ်... ဒါနဲ့ သူ့ကိုသေသေချာချာမေးကြည့်တယ်.. သူက ကွန်ဒုံးစွပ်ပုံစွပ်နည်းကို ကျန်းမာရေးမှူးလေး ပြောသလို သေချာလိုက်နာကြောင်း ပြောပြတယ်.. အဲလိုနဲ့ အကြောင်းအရာကို စဉ်းစားနေကြတုန်း ကျွန်တော် အိမ်ရှေ့ ဗူးစင်ဘေးကို အမှတ်တမဲ့ ကြည့်လိုက်မိတော့ ဗူးစင်က တိုင်လေးမှာ ကွန်ဒုံးကို စွပ်ရက်နဲ့ တွေ့လိုက်ရတယ်လေ... အဲဒါနဲ့ ကျွန်တော်က ကိုဖိုးထောင်ကို အဲဒါက ဘာလုပ်တာလဲလို့ မေးကြည့်လိုက်တော့မှ အဖြေပေါ်တော့တာကိုး... ဘာလုပ်ရမှာလဲဆရာရယ်.. ဆရာတို့ပဲ သေချာပြခဲ့တာလေ.. ကျွန်တော်လေ ဆရာတို့ ပြောသလိုပဲ ကျွန်တော့် မိန်းမနဲ့ အတူနေခါနီးတိုင်း အဲဒီတိုင်လေးမှာ ကွန်ဒုံးသွားသွားစွပ်ပါတယ်.. ဟိုဆရာလေးပြသလိုလည်း သေသေချာချာ စနစ်တကျ လုပ်ပါတယ်တဲ့လေ..."

"ဟားဟားဟား... ဖြစ်ရလေ ဆရာရယ်...."

"အင်းလေ... မြန်မာပြည်က အရှက်အကြောက်ကြီးကြတော့ လိင်မှုနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေမှာ ဒီလို ပြဿနာလေးတွေ တွေ့ရတတ်ပါတယ်... ကဲဗျာ.. ဆိုလိုရင်းကို မရောက်တော့ဘူး ဖြစ်နေတယ်ထင်တယ်... ကျွန်တော် ပြောချင်တာက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတတ်ကြစေဖို့ပဲ..
- ကွန်ဒုံးဝယ်ယူတဲ့အခါ ပေါက်ပြဲမှု ရှိမရှိ သေချာစစ်ဆေးရမယ်..
- ရက်လွန်မလွန်စစ်ဆေးရမယ်...
- ဖောက်တဲ့ အခါမှာ မပေါက်မပြဲအောင် သေချာဂရုပြုရမယ်... သွားတို့ လက်သည်းတို့နဲ့ မဖောက်သင့်ဘူး.. မတော်တဆ အထဲက ကွန်ဒုံးကို ပေါက်ပြဲမှု ဖြစ်သွားစေနိုင်တယ်...



- စွပ်တဲ့အချိန်မှာလည်း ကွန်ဒုံးအစွန်းထိပ်လေးကို လေမဝင်အောင် လက်နဲ့ဖိပြီး လိင်တံအရင်းအထိ စွပ်ရမယ်... ဒါမှသာ လေမဝင်နိုင်ဘဲ ပေါက်ပြဲမှုမရှိမှာဖြစ်တယ်... ဒီလို အသုံးပြုပုံ စနစ်တကျရှိမှာသာ လုံးဝစိတ်ချရမှာ ဖြစ်လို့ပါ...
မလိုချင်ဘဲ ကိုယ်ဝန်မရကြစေဖို့.. (သို့) လူငယ်များသိထားသင့်သော ကျန်းမာရေးအကြောင်း... Ii10
နောက်ပြီး အရေးကြီးတာက တချို့လူတွေက ပိုစိတ်ချရအောင် ဆိုပြီး ကွန်ဒုံးကို ၂ ထပ်သုံးတာမျိုးရှိတယ်... အဲဒါဟာ လုံးဝ မှားယွင်းတဲ့ အယူအဆပဲ... ၂ ထပ်သုံးတဲ့အတွက် ကွန်ဒုံးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မိရာကနေ ပေါက်ပြဲသွားနိုင်တဲ့ အခွင့်အရေးပိုများလို့ပဲ...နောက်ပြီး အမျိုးသမီးအသုံးပြုတဲ့ ကွန်ဒုံးတွေလည်း ရှိသေးတယ်.. ဒါပေမယ့် အမျိုးသားသုံး ကွန်ဒုံးလောက် သုံးရ အဆင်မပြေတဲ့အပြင် ဈေးနှုန်းလည်း ကွာခြားတာကြောင့် သိပ်မတွင်ကျယ်ဘူးဗျ..."
မလိုချင်ဘဲ ကိုယ်ဝန်မရကြစေဖို့.. (သို့) လူငယ်များသိထားသင့်သော ကျန်းမာရေးအကြောင်း... Qq10
"အင်မတန် .. မှတ်သားစရာ ကောင်းပါတယ်ဆရာ.."

"ဒါကတော့ အကောင်းဆုံးနည်းနာပေါ့.. ကွန်ဒုံးအသုံးပြုတာလေ... တစ်ချို့လူတွေကျပြန်တော့ ဒီလို ကွန်ဒုံးအသုံးပြုရတာကို မကြိုက်မနှစ်သက်သူတွေ ရှိကြတယ်ဗျ... သူတို့က အလွှာပါးပေမယ့် ကမ္ဘာခြားသလိုပါပဲဆရာရယ်လို့ ဆိုလာသူတွေလည်း ရှိပြန်တော့ ဒီလိုလူတွေမှာတော့ ခုဏက ကွန်ဒုံးလောက် စိတ်မချရတဲ့ အိမ်ထောင်ရှင်တွေမှာပါ သားဆက်ခြားနည်းအဖြစ်အသုံးပြုနိုင်တဲ့ ရက်ရှောင်တဲ့နည်း (Safe Period)တွက်နည်းလေးကို ထပ်ပြောပြချင်တယ်..."

"ဟုတ်ကဲ့ပါဆရာ... ဆက်ပြောပါဦး..."

"ဒီလို တွက်ချက်ဖို့ဆိုရင် ပထမဦးဆုံး အမျိုးသမီးရဲ့ ရာသီစက်ဝိုင်းကိုသိရပါမယ်... ဒီနည်းဟာ ရာသီသွေးပေါ်ချိန်မှန်သူတွေဆိုရင် ပိုစိတ်ချရတယ်... ရာသီစက်ဝိုင်းဆိုတာ ပြီးခဲ့တဲ့ ရာသီသွေးပေါ်ချိန်ရဲ့ ပထမဆုံးနေ့ကနေ နောက်တစ်ကြိမ် ရာသီသွေးပေါ်ချိန်ရဲ့ ပထမနေ့အထိကို ဆိုလိုပါတယ်... အဲဒီအချိန်အပိုင်းအခြားကို Menstrual Cycle (ရာသီစက်ဝိုင်း) လို့ခေါ်ပါတယ်... အမျိုးသမီးတွေမှာ ရာသီစက်ဝိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပဲ များသောအားဖြင့်တော့ ၂၆ ရက်ကနေ ၃၁ ရက်အထိ ရှိတတ်ကြတယ်... သားဥကြွေခြင်းဆိုတဲ့ Ovulation ဖြစ်စဉ်ဟာ ရာသီစက်ဝိုင်းရဲ့ တဝက်မှာဖြစ်ပေါ်တတ်ပါတယ်... ဆိုလိုတာက အမျိုးသမီးတစ်ယောက်ဟာ ၂၈ရက်တစ်ခါ ရာသီသွေးပေါ်တတ်ရင် အဲဒီရဲ့တဝက်ဖြစ်တဲ့ ၁၄ရက်မှာ Ovulation ဖြစ်ပါတယ်... ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိနိုင်ပါတယ်... အဲဒီ Ovulation မတိုင်ခင် ၁ပတ် နဲ့ Ovulation ဖြစ်ပြီး ၁ ပတ်တို့ဟာ ကိုယ်ဝန်ရနိုင်တဲ့ အချိန်ဖြစ်တဲ့ Fertile period ပါပဲ... အဲဒီအချိန်ကလွဲရင် ကျန်တဲ့အချိန်ဟာ စိတ်ချရတဲ့ကာလ SAFE PERIOD လို့သတ်မှတ်နိုင်ပါတယ်... တနည်းအားဖြင့် ရာသီ မလာခင် တစ်ပတ်နဲ့ ရာသီ လာပြီး တစ်ပတ်တို့ဟာ အဲဒီလို စိတ်ချရတဲ့ ကာလအပိုင်းအခြားပါပဲ... ဒါကြောင့် ဒီလို SAFE PERIOD ကိုတွက်ဖို့ဆိုရင် Fertile period ကိုသိရမယ်.. ကိုကျော်သာ မျက်စိထဲ မြင်သွားအောင် ကျွန်တော် ပုံလေးနဲ့ သေချာရှင်းပြပါ့မယ်..."
Fertile period ကိုတွက်ချက်ခြင်း။

ရာသီသွေးပေါ်ချိန် မှန်သူများအတွက်

- ရာသီစက်ဝိုင်း၏ တဝက်သည် သားဥကြွေချိန်ဖြစ်သည်။ သားဥကြွေချိန်မတိုင်မှီ ၇ ရက် နှင့် ကြွေပြီး ၇ ရက်တို့သည် FERTILE PERIOD ဖြစ်သည်။

|-------------------|==========|==========|-------------------|
ရာသီသွေးစပေါ်ချိန် သားဥကြွေချိန် နောက်တစ်ကြိမ်ရာသီသွေးပေါ်ချိန်

အနီနှင့်ပြထားသော ကာလသည် ကိုယ်ဝန်ရနိုင်ချိန်ဖြစ်၍ အပြာဖြင့်ပြထားသောကာလသည် SAFE PERIOD ဖြစ်သည်။

ရာသီသွေးပေါ်ချိန် မမှန်သူများအတွက်

- ရာသီသွေးပေါ်ချိန် အတိုဆုံးအချိန်မှ ၁၈ ရက် နုတ်ခြင်းသည် Fertile period ၏ ပထမရက်ဖြစ်သည်။
- ရာသီသွေးပေါ်ချိန် အရှည်ကြာဆုံးအချိန်မှ ၁၀ ရက် နုတ်ခြင်းသည် Fertile period ၏ နောက်ဆုံးရက်ဖြစ်သည်။

ဥပမာ- အမျိုးသမီးတစ်ဦး၏ ရာသီစက်ဝိုင်းမှာ ၂၆ ရက်မှ ၃၁ ရက်အထိ ကွာခြားတတ်သည်ဆိုပါစို့
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အတိုဆုံး ကာလ ၂၆ မှ ၁၈ ကိုနုတ် = ၈ ရက်
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အရှည်ဆုံးကာလ ၃၁ မှ ၁၀ ကိုနုတ် = ၂၁ ရက်

ထို့ကြောင့် ထိုအမျိုးသမီးအတွက် ရာသီလာချိန် ပထမရက်မှစတင်ရေတွက်လျှင် ၈ ရက်မြောက်နေ့မှ ၂၁ ရက်မြောက်နေ့အထိသည် Fertile period ဖြစ်သည်။ ထိုအချိန်မဟုတ်သည့် အခြားရက်များသည် SAFE PERIOD ဖြစ်သည်။

-----------------------------------------------------------------------------------------------

"ဒီလောက်ဆို ကိုကျော်သာ အခြေခံလောက် သဘောပေါက်မှာပါ..."

"ဟုတ်ကဲ့.. တော်တော်လေးကို သိသွားပါပြီဆရာ... ကျွန်တော်သိချင်တာလေး မေးပါရစေဆရာ... ခုဏက ဆရာရှင်းပြတဲ့အချိန်မှာ ဒီ နည်းသုံးတာဟာ အကာအကွယ်သုံးတဲ့ နည်းလောက် စိတ်ချရမှုမရှိဘူးလို့ ပြောခဲ့ပါတယ်... ကျွန်တော်သိချင်တာက ဘယ်လောက်အထိ ဒီနည်းက စိတ်ချရနိုင်ပါသလဲဆရာ.."

"အရမ်းကောင်းတဲ့ မေးခွန်းလေးပါပဲ... မှန်ပါတယ်.. ဒီနည်းကို စနစ်တကျအသုံးပြုနိုင်တဲ့ အခြေအနေမှာတောင် ကိုယ်ဝန်ရရှိနိုင်မှု အတိုင်းအတာကို လေ့လာစစ်ဆေးမှုတွေ လုပ်ကြည့်တဲ့အခါ တစ်နှစ်အသုံးပြုရင် လူအယောက် ၁၀၀ မှာ ၁၁.၉ ယောက်လောက် ကိုယ်ဝန်ရသွားနိုင်ပါတယ်.. ရာခိုင်နှုန်းအရ တွက်ချက်ရင်တော့ ၂၅% အထိ ကိုယ်ဝန်ရနိုင်မှု ရှိပါတယ်.."

"ဟုတ်ကဲ့ .. နောက်ထပ် တားနည်းလေးတွေ ရှိရင်လည်း ပြောပြပေးပါဦးဆရာ..."

"ဟုတ်ကဲ့... တားနည်းတွေကတော့ မျိုးစုံပါတယ်.... အဓိကအနေနဲ့ အိမ်ထောင်ရှင်တွေ အသုံးပြုတာများပါတယ်... OC Pills ဆိုတဲ့ တားဆေးသောက်သုံးတဲ့နည်း၊ Depo လို့ခေါ်တဲ့ တစ်လ(သို့) သုံးလခံဆေးထိုးတဲ့နည်း၊ သားကြောဖြတ်တဲ့နည်း တွေပါ... ဒါပေမယ့် ဒါတွေ အကြောင်းပါအခု အကုန်ပြောလိုက်ရင် ကိုကျော်သာ တော်တော် နားရှုပ်သွားလိမ့်မယ်.. နောက်ရက်တွေ အချိန်ရမှ ဆက်ဆွေးနွေးကြတာပေါ့ဗျာ..."

"ဟုတ်ကဲ့ပါဆရာ...ဒီနေ့တော့ ကျွန်တော့်အဖို့ တော်တော်လေး ဗဟုသုတတိုးသွားပြီ ဆရာရေ.. ကျွန်တော် မှတ်သလောက် တတ်သလောက်လေးကို တတ်နိုင်သမျှ လူငယ်တွေသိအောင် လက်ဆင့်ကမ်း ပြောပြပေးသွားပါ့မယ်ဆရာ... ဆရာလည်း ကျွန်တော့်ကို ရှင်းပြရတာနဲ့ တော်တော်ပင်ပန်းသွားပြီ.. ကျေးဇူးအထူးပါဆရာ..."

"ရပါတယ်ဗျာ... ကျွန်တော်တို့ ဆရာဝန်တွေမှာ ပြည်သူကို ကုသပေးဖို့ တာဝန်သာမက ပညာပေးဖို့တာဝန်ပါ ရှိပါတယ်..."

"ဟုတ်ကဲ့... ဒါဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦးဆရာ.. ခုလောက်ဆို အိမ်ကမိန်းမက ပြန်မလာနိုင်သေးလို့ ဒေါကန်နေရောမယ်ဗျ..."

"ဟုတ်ပြီ ကိုကျော်သာရေ... နောက်နေ့တွေမှ တွေ့ကြတာပေါ့ဗျာ...."

---------------------------------------------------------------------------------------------------





Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics
» ဘီယာဗိုက်အကြောင်း အမှန်တရားများ
» GOOGLE CHROME ရဲ့ EXTENSIONS များအကြောင်း
» ကင်ဆာပျောက်တယ်လို့ ပေါ်ပြူလာဖြစ်နေတဲ့ ဂျုံမြက်နုအကြောင်း အစုံအလင်
» မန်ယူသို့ ဖီးလ်ဂျုံးစ်၏အပြောင်းအရွှေ့အား ဘလက်ဘန်းအသင်းတားဆီး ၊ ပေါင်(၁၆.၅)သန်းထက်ပိုပေးမှသာစဉ်းစားမည်ဟု အကြောင်းပြန်
» ဘာစီလိုနာ၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စပိုင်လွှတ်၍ မော်ရင်ဟို စုံစမ်းခိုင်းထားကြောင်း သတင်းများ ထွက်ပေါ်

 
Permissions in this forum:
You cannot reply to topics in this forum